chapter 16

195 32 0
                                    

Chapter 16
April 11, 2024
🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 16

ရှောင်ပိုင် ဘဲကျောင်းနေရခြင်း

နှမ်းထောင်းနှင့်ဆန်လုံးက ဆောင်းပါးကို သေချာဂရုတစိုက်ရေးသားခဲ့ကြသည်။ စာမူအကြမ်းကို ပြန်လည်စစ်ဆေးပြီးနောက်တွင် "ရသာမြိန်ဟင်းလျာဒဏ္ဌာရီ"က သူတို့၏ရီဗျူးကို ထုတ်လွှင့်လိုက်လေရာ ကြည့်ရှုနှုန်း တစ်သိန်းကျော်သွားလေသည်။

ဆိုးဝါးလှသော ဟင်းလျာအရသာကြောင့် Trending Listပေါ်ကို ရောက်လာဖူးသော ကမ်းရိုးတန်းမြို့လေးရှိ ကန်တင်းတစ်ခုက ယခုတွင်မူ အရသာထူးကဲလှသောဟင်းလျာများကို ဖန်တီးနိုင်နေလေပြီ။ ထို့ပြင် အယ်ဒီတာများ၏စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့သော အသီးအရွက်ဟင်းလျာများက နှစ်ယွမ်မျှသာ ကျသင့်လေသည်။

ပါဝင်သောအကြောင်းအရာကို သေချာရွေးချယ်ထားပြီး စာရေးသူနှစ်ယောက်ကလည်း သူတို့၏ခံစားချက်အစစ်အမှန်ကိုအခြေခံ၍ ဟင်းလျာများ မည်မျှအံ့သြဖွယ်ကောင်းကြောင်း ချီးကျူးခဲ့သည့်အပြင် နန်ဟိုင်မြို့ထဲရှိရသာရုံတောအုပ်ဆိုင်လေးပင်လျှင် ပထမကန်တင်းနှင့်ယှဉ်လိုက်ပါက ဂုဏ်သတင်းမှေးမှိန်သွားရကြောင်းကိုပါ ဖော်ပြထားသည်။ ထိုအဆိုပြုချက်ကြောင့် လူအများ၏အာရုံကို ဆွဲဆောင်လိုက်နိုင်ခြင်းပင်။

ရသာရုံတောအုပ်လေးသည်လည်း အခြေအနေမဟန်လှပေ။ မူလအစကမူ မြို့ခံများသာ ထိုအကြောင်းကိုသိထားကြခြင်းဖြစ်သည်။ သိထားသူအများစုမှာလည်း ကျောင်းသားများသာဖြစ်၏။ ယခုမူ ရသာမြိန်ဟင်းလျာဒဏ္ဌာရီအစီအစဉ်က ထိုကန်တင်းကို ရုပ်သံပလက်ဖောင်းကြီးပေါ်ကို တွန်းတင်ပေးလိုက်ချေပြီ။

သူတို့က ဓာတ်ပုံနှင့် ဗီဒီယိုအတိုလေးများကိုပင် ရိုက်ယူထားပြီး GIFအဖြစ်ပြောင်းကာ ဆောင်းပါးထဲမှာပင် ထည့်ထားလိုက်သေးသည်။

ဟင်းလျာများ၏အသွင်အပြင်ကတင် လူအများကိုဆွဲဆောင်ရန် လုံလောက်နေပြီဖြစ်၏။ ပထမကန်တင်းက သာမန်ကန်တင်းတစ်ခုမဟုတ်သောကြောင့်လည်း ဖြစ်နိုင်သည်။ သာမန်ကန်တင်းများက တည်ခင်းသော အစားအသောက်များက ငန်သည့်အခါ ငန်လွန်းပြီး ပေါ့သည့်အခါ ပေါ့လေသည်။ သို့သော်ငြား ပထမကန်တင်းမှဟင်းလျာများ၏ အရောင်အဆင်းကိုကြည့်ရုံဖြင့် လူတိုင်းမှာ ဖတ်နေရင်း သွားရည်တများများကျနေလိမ့်မည်သာ။

လယ်စိုက်ကြမယ်Where stories live. Discover now