အခန်း၁။ အိမ်အိုကြီးမှ ရှေးဟောင်းရေတွင်း

640 28 1
                                    

“အဘိုးရေ၊ ကျွန်တော်ပြန်ရောက်ပြီ ”

အိမ်အိုကြီးအတွင်းသို့ လီယင် ခြေချလိုက်သည်နှင့်တပြိုင်နက် ရင်ဘက်ထဲမှ ခါးသီးမှုဒဏ်ကို ရုတ်တရက် ခံစားလိုက်ရသည်။ အဘိုးကွယ်လွန်သွားပြီးစဉ်ကတည်းက နယူးဂျာစီမြို့သို့ပြန်ပြီး ကျောင်းတက်နေခဲ့သည်မှာ အခုဆို အချိန်ကာလအားဖြင့် တစ်နှစ်မျှကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုတော့ ဤမြို့လေးဆီ၊ တနည်းအားဖြင့် ဤအိမ်အိုကြီးဆီသို့ ပြန်‌ရောက်လာခဲ့ပြီဖြစ်သည်။

ဘေးဘက်ခြမ်းရှိအခန်းတံခါးကို တွန်းဖွင့်ရင်း ဝင်လာလိုက်သည့်အခါ အဘိုး၏ ပုံတူပန်းချီကားသည် မိသားစုအထွဋ်အမြတ်ထားရာ ကန်တော့ခံစားပွဲပေါ်၌ ထိုတုန်းကအတိုင်း ထောင်ထားမြဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ဓာတ်ပုံထဲမှ အဘိုး၏ မျက်နှာသည်လည်း သက်ရှိထင်ရှားရှိနေစဉ်တုန်းကအတိုင်းပင် ကြင်နာစွာ  ပြုံးပြနေလျက်ရှိပေသည်။ သူပြန်မရောက်ဖြစ်သည်မှာ တစ်နှစ်တောင်ကြာခဲ့ပြီဖြစ်သောကြောင့် အဘိုး၏ဓာတ်ပုံပေါ်တွင် ဖုန်မှုန့်များ ခပ်ပါးပါးဖုံးအုပ်နေချေပြီ။ အားနာစိတ်နှင့်အတူ အဘိုး၏ဓာတ်ပုံကို ကောက်ယူလိုက်ပြီး အဝတ်အစားများနှင့်ပင် တယုတယသုတ်လိုက်သည်။

သေချာအချိန်ယူစဉ်းစားပြီးနောက် ဤမြို့လေးမှာပင် အလုပ်ရှာဖို့ ဆုံးဖြတ်ချက်ပြီး လီယင်တစ်ယောက် ယခုနှစ် ဘွဲ့ရပြီးပြီးချင်းမှာပဲ ရှန်ဟိုင်းမြို့‌တော်ဆီသို့ ချက်ချင်းပြန်လာခဲ့သည်။ သူ၏အိမ်အိုကြီးသည် ရှန်ဟိုင်းမြို့အစွန်အဖျားတစ်နေရာတွင် ရှိသော်ငြားလည်း ဘူတာရုံနှင့် နီးသည့်အတွက် သွားရေးလာရေးမှာ သူ့အတွက် အဆင်ပြေလှသည်။ အိမ်ငှားခကုန်ကျမည့် ပြဿနာလည်း ပူပင်စရာမလိုသောကြောင့်  စိတ်အေးလက်အေးပင် အလုပ်ရှာနိုင်သည်ဖြစ်၍ သူ့အတွက် ဤအိမ်အိုလေးသည်ကား အသင့်တော်ဆုံးနေရာသာ ဖြစ်ပေတော့သည်။

အဘိုးကို ဝတ်ပြုကန်တော့ပြီးသောအခါ လီယင်သည် အိမ်ကို စတင်သန့်ရှင်းတော့သည်။ မည်မျှပင် အိုဟောင်းနေစေကာမူ ဤအိမ်ကလေးသည် သူနေထိုင်ရာအိမ်ဖြစ်သည့်အတွက် လူသူကင်းမဲ့နေစဉ်တုန်းကအတိုင်း ပစ်ထားမြဲ ပစ်ထား၍ မဖြစ်ချေ။ ထို့ကြောင့် တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး စတင်လှည်းကျင်းတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now