အခန်း၃၀။ နတ်သမီးကြဲသောပန်း

106 11 0
                                    

ထုံနျန်သည် လုပ်‌ငန်းဆောင်တာများကို ကိုင်တွယ်စီစဉ်ရာ၌ အင်မတန် လုပ်ရည်ကိုင်ရည်ရှိသည် ဟု ပြောရမည်။ ၎င်းကို အမွှေးနံ့သာများထောက်ပံ့ရန် တာဝန်ပေးပြီး နှစ်ရက်အကြာတွင် သစ်မွှေး၊ ခရမ်းနုရောင် ပဲနွယ်ပန်း၊ တွေ့ရခဲသည့် အနံ့မွှေးသော သစ်စေး၊ ကျူးလစ်ပန်းများ စသည်တို့အပါအဝင် အမွှေးနံ့သာပေါင်းစုံကို တစ်မျိုးလျှင် တစ်ဒါဇင်ထက်မနည်းသော ပမာဏဖြင့် လှည်းနှစ်စီးစာအပြည့် ယူဆောင်လာခဲ့လေသည်။

ရေမွှေးထုတ်လုပ်နည်းကိုမူ ယခုအချိန်ထိ လူသိမခံပဲ လျှို့ဝှက်ထားဆဲသာ ရှိသေးသည်။ ထုံနျန်က အလုပ်ခန်းထဲသို့ ဝင်ကြည့်ချင်သော်လည်း စစ်မာထူက ဝင်ခွင့်မပေးပေ။ လူမှုရေးအရ ရင်းနှီးကြသော်ငြား စည်းကမ်းက စည်းကမ်းပင် ဖြစ်သည်။ မည်သူမဆို တသဝေမတိမ်း လိုက်နာရမည်သာ။

အမွှေးနံ့သာများ ရလာသောအခါ ရေမွှေးထုတ်လုပ်ရန် ကိစ္စအားလုံး အဆင်သင့်ဖြစ်နေလေပြီ။ ထို့ကြောင့် လီယင်သည် ရေမွှေးထုတ်လုပ်ပုံအဆင့်ဆင့်ကို ရေမွှေးထုတ်လုပ်ရာ၌ တာဝန်ယူပေးမည့် များစွာသော အိမ်စေတို့အား ညွှန်ကြားရန်နှင့် သင်ပြပေးရန် ထုတ်လုပ်မည့်‌ အလုပ်ခန်းထဲသို့ ကိုယ်တိုင်သွားကာ သင်ပြလေသည်။

သို့သော် လုပ်သားများ စီမံထုတ်လုပ်ပြီး ထွက်လာသော ရေမွှေးအရည်အသွေးကြောင့် လီယင် စိတ်ညစ်သွားသည်။ ဘာကြောင့်လဲဆိုသည်ကို လီယင်နားမလည်။ ထို့ကြောင့် လီယင်လည်း မတတ်သာပဲ ကိုယ့်ဘာသာလုပ်ရပေတော့သည်။

ထန်မင်းဆက်ခေတ်ကတည်းက ခေတ်မီရေမွှေးများထုတ်လုပ်နိုင်ပြီ ဆိုသည်မှာ သိပ်လက်တွေ့မကျပေ။ ၂၁ရာစုခေတ်တွင် သုံးကြသော ရေမွှေးများကဲ့သို့ အရည်အ‌သွေးကောင်းလှသော အဆင့်ထိ ရောက်နိုင်ရန်လည်း မမျှော်မှန်းထား။ ထို့ကြောင့် သူထုတ်ထားသော ရေမွှေး၏ အရည်အသွေးအပေါ် ကျေနပ်စွာပင် လီယင်က အလုပ်ခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

ထုံနျန်ယူဆောင်လာခဲ့သော အမွှေးအကြိုင်များကို အမျိုးအစားခွဲ၍ ၎င်းတို့ထံမှ အမွှေးအဆီများကို နည်းလမ်းအမျိုးမျိုးသုံးကာ ထုတ်ယူရသည်။ အဆိုပါ အမွှေးအဆီကိုထုတ်လုပ်ရာ၌ မပါမဖြစ် လိုအပ်သော ပါဝင်ပစ္စည်းတစ်မျိုးမှာ အရက်ဆီ ( အရက်ပါဝင်မှုများသော အရက်ပြင်းပြင်း ) ပင်ဖြစ်သည်။ ထို့ကြောင့် လီယင်သည် လုပ်သားများကို အဆိုပါ အရက်ဆီအား ပေါင်းခံထုတ်လုပ်စေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now