အခန်း၁၈။ ဆောင်ကြာမြိုင်

86 9 0
                                    

သဘောတူညီချက်ရကာ လီခယ့်ကို ပြန်လွှတ်လိုက်ပြီးနောက် အဝတ်အစားများကို လဲလိုက်သည်။ ချမ်အန်းမြို့ထဲသို့ အလည်မရောက်ဖြစ်သည်မှာ ကြာပြီ မဟုတ်လား။ စံအိမ်တွင်းရှိ ကိစ္စအဝဝမှာလည်း သူ့ဟာနှင့်သူ လိပ်ပတ်လည်လာပြီဖြစ်၍ လီယင့်တွင် အားလပ်ချိန်၊ အနားယူချိန် ရလာပြီ ဖြစ်သည်။

ကျင်းတချမ်က အိမ်စေအမြောက်အများကို ခေါ်၍ ဝေါယာဉ်ကို ပြင်ဆင်စေရာ လီယင်မှာ သွားလာသည့်လမ်းတွင် အခြွေအရံအများအပြား မလိုက်ပါစေလိုသဖြင့် ကျင်းတချမ်၏ အကြံပေးချက်ကို ငြင်းပယ်လိုက်ပြီး ချမ်အန်းမြို့လယ်ခေါင်သို့ ထွက်ခဲ့လေသည်။

ထန်မင်းဆက်ခေတ်တွင် ချမ်အန်းမြို့တော်သည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်သောမြို့ဖြစ်ခဲ့သည်။ ထန်နိုင်ငံမှ ပြည်သူပြည်သားများဖြင့် စည်ကားရုံသာမက အနောက်ဥရောပနိုင်ငံများမှ ကုန်သည်များပါ လာရောက်လည်ပတ်နေကြသောကြောင့် ချမ်အန်းလမ်းမပေါ်တွင် လူပေါင်းစုံလှသည်။

၎င်းအပြင် အခြားသောနိုင်ငံများမှ စာသင်သားများကိုလည်း ထန်နိုင်ငံသို့ စေလွှတ်ကာ ပညာသင်ကြားစေခြင်းများလည်း ရှိခဲ့သည်။ ထိုကြောင့် ချမ်အန်းလမ်းမပေါ် လျှောက်သွားစဉ် ဆံပင်ရွှေဝါရောင်ရှိ လူမျိုးခြားများထံမှ နှုတ်ဆက်ခံရခြင်းမှာ အထူးအဆန်းပင် မဟုတ်တော့ချေ။

သမိုင်းအထောက်အထားများတွင်တော့ ဤချမ်အန်းပြည်ကြီး၏ ပတ်ပတ်လည်ဧရိယာမှာ မိုင်ပေါင်း ၇၀ ကျော် ရှိသည်ဟု ဆိုကြသည်။ အရှင်မင်းကြီး၏ ကြင်ယာတော်များနေထိုင်ရာ ဖြစ်သည့်အပြင် များစွာသော အမှုထမ်း အရာထမ်းမှား တာဝန်‌ထမ်းဆောင်ရာနေရာမှာတော့ ဝိုက်ကောမြို့ဖြစ်ပြီး ၎င်းသည် ချမ်အန်းပြည်နယ်တွင် အကျယ်ဆုံးနေရာဟုပင် ဆိုနိုင်ပေသည်။

၎င်းဝိုက်ကောမြို့သည် စတုရန်းမီတာ ၁၀၈ ခန့် ကျယ်ဝန်းပြီး အဆောင်တော်များနှင့် စံအိမ်များမှာ အစီအရီရှိကြသည်။ အရှေ့ဘက်အပိုင်းတွင် အရှေ့ဈေးကြီး၊ အနောက်ဘက်ပိုင်းတွင် အနောက်ဈေးကြီးဟူ၍ သီးခြားစီတည်ရှိကြပြီး အရှေ့မှ အနောက်သို့ ၁၀၀၀ မီတာခန့် ရှည်လျားလေသည်။ ကုန်စည်သိုလှောင်ရာ ဂိုဒေါင်များနှင့် ဈေးဆိုင်မှာသည်လည်း အတန်းလိုက်ပင် တည်ရှိနေချေရာ ၎င်းနယ်ပယ်သည်ကား ချမ်အန်းမြို့တွင် အတိုးတက်ဆုံး၊ အကြွယ်ဝဆုံးနှင့် အစည်ကားဆုံးနေရာဟု ဆိုလျှင်လည်း မမှားပေ။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now