အခန်း၂။ လျန့်မင်းသားအိမ်တော်

218 24 0
                                    

အခန်း၂။ လျန့်မင်းသားအိမ်တော်

အချိန်ကား နေမွန်းတည့်ချိန်ဖြစ်နေချေပြီ။ တည့်တည့်ကျရောက်နေသော နေရောင်ကြောင့် ရေတွင်းအောက်ခြေကို လှမ်းမြင်နေရသည်။ ရေတွင်းအောက်ခြေတွင် ရေတစ်စက်မှမရှိ၊ ပကတိ ခြောက်သွေ့နေလေသည်။

လှေကားကို ဂရုတစိုက် ထိန်းကိုင်ပြီး ဆင်းလာရင်း တွင်းအောက်ခြေသို့ သူရောက်လာခဲ့သည်။ ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ သူ၏ညာဘက်၌ ငါးမီတာခန့် ရှည်လျားအောင်တူးထားပြီး နှစ်မီတာခန့် အမြင့်ရှိသော ဂူတစ်ခုကို တွေ့ရသည်။

၎င်းဂူ၏ အဆုံးတွင်ရှိသော အချိန်နှင့်နေရာခရီးသွားနိုင်မည့် လိုဏ်ခေါင်းထဲဝင်ရန် တံခါးမှာ မြေမှုန်များဖြင့် ဖုံးအုပ်နေကာ ပေပွလျက်ရှိပြီး ၎င်းသတ္တုတံခါး၏ အလယ်၌ရှိသော အပြာရောင် စွမ်းအင်အလင်းပြားလေးပေါ်တွင်တော့ လီယင်၏ အံ့ဩမင်သက်နေသော မျက်နှာမှာ အရိပ်သဏ္ဍာန်ထင်ဟပ်နေလေတော့သည်။

လီယင်သည် အဘိုးချန်ထားရစ်ခဲ့သော လက်စွပ်ကို ထုတ်ကိုင်လိုက်ပြီး တံခါးဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ အဆိုပါလက်စွပ်အတွင်းတွင် နေရာလွတ်အကျယ်ကြီးတစ်ခု ပါဝင်ရုံသာမက ဤလက်စွပ်ကို သုံးမှသာ ယခုတွေ့မြင်နေရသည့် အချိန်နှင့်နေရာ ခရီးသွားနိုင်သည့် လိုဏ်ခေါင်းကို ဖြတ်သန်းနိုင်မည်ဖြစ်ပေသည်။ ဤလက်စွပ်သာမရှိလျှင် လိုဏ်ခေါင်းဝတွင်ရှိသော စွမ်းအင်လွှာကို ဖြတ်သန်းနိုင်တော့မည်မဟုတ်ပဲ တံခါး၏ တစ်ဖက်ရှိ ရွှံ့နံရံကြီးကိုသာ တိုက်မိပေလိမ့်မည်။

“ အဘိုးတောင် ဒါမျိုးလုပ်ဖူးတာပဲ၊ မင်းက ဘာကို ကြောက်နေတာလဲ ”

သူသည် ရေရွတ်ပြီး လက်စွပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဂနာမငြိမ်ဖြစ်နေသော သူ့စိတ်သူ ပြန်အားပေးလိုက်သည်။

စာထဲတွင် အဘိုးရေးထားသည်က ဤအချိန်နှင့်နေရာခရီးသွားလိုဏ်ခေါင်း၏ အဆုံးတဖက်တွင် ယခုလက်ရှိအချိန်၊ လက်ရှိနေရာနှင့် အပြိုင်စကြာဝဠာအဖြစ် တည်ရှိနေသည့် အချိန်နှင့်နေရာမှာ သမိုင်း‌တွင် နာမည်ကျော်ကြားလှသော ထန်မင်းဆက်ခေတ် ဖြစ်သည်ဟူ၍ပင်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now