အခန်း၁၉။ ချမ်ယောင်ကျင်း၏သား

90 13 0
                                    

အဆိုပါလူရွယ်မှာ လီယင့်ထံ တဟုန်ထိုးပြေးလာလေရာ လီယင့်စိတ်ထဲ ထိတ်ခနဲဖြစ်သွားပြီး ၎င်းနေရာမှ လှည့်ထွက်ရန်ပြင်လိုက်သည်။ သို့သော်လည်း သူသည် လီယင့်ကို ချက်ချင်းမီလာလိမ့်မည်ဟု မည်သူကထင်မည်နည်း။

ပုန်းကွယ်စရာနေရာမရှိတော့သဖြင့် လီယင်လည်း စိတ်ပျက်လက်ပျက်မျက်နှာပေးဖြင့် မေးလိုက်သည်။

“ ညီလေးဟွိုက်လျန့်.. ခါတိုင်းဆို မီးရှူးမီးပန်းဖောက်တဲ့နေရာမှာ သွားလေ့ရှိတာမဟုတ်လား။ ဘာကြောင့် ဒီနေ့မှ စိတ်ပြောင်းပြီး ဒီကိုရောက်လာရတဲ့အပြင် စစ်သူကြီးကိုယ်တိုင်ပါ လိုက်ခေါ်ရတဲ့အထိ ဖြစ်ရတာတုန်း။ ”

ချမ်ဟွိုက်လျန့်မှာ သေအံ့ဆဲဆဲအခြေအနေသို့ ရောက်နေသည့်အလား လီယင့်အနောက်တွင်ပုန်းလျက် တကိုယ်လုံးတုန်ရီကာ ကြောက်လန့်တကြား ဖြေရှာသည်။

“ ဟိုကောင် လုပါးယန်းပေါ့။ အရက်ဝယ်တိုက်မယ်ဆိုပြီး ဒီကိုဇွတ်ဆွဲခေါ်လာလို့ ရောက်လာရတာ။ ”


သူထိုသို့ပြောနေစဉ်မှာပင် ၎င်းနောက်မှ လိုက်လာသော လူလတ်ပိုင်းအရွယ် လူကြီးမှာ လီယင်၏ အရှေ့သို့ရောက်လာခဲ့ပြီဖြစ်သည်။ လီယင်ကို တွေ့သောအခါ ၎င်းကိုင်ဆောင်လာသော အသွားနှစ်ဖက်ပုဆိန်ကို ဘေးသို့ချလိုက်ပြီး ဦးညွှတ်လိုက်၏။

“ မင်းသားခြောက်ကို ကျွန်တော်မျိုး နှုတ်ခွန်းဆက်သပါတယ်။

“ စစ်သူကြီးချမ် ”

လီယင်ကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။ အဆိုပါလူသည်ကား သမိုင်းတွင် နာမည်ကျော်ကြားလှသော စစ်သူကြီးချမ်ယောင်ကျင်းပင်တည်း။

“ ခွေးမသား.. ဒါက ဘယ်သွားမလို့တုန်း။ ”

ပြောရင်းနှင့်ပင် သူ့သားကို လက်ထဲမှ ပုဆိန်ရိုးဖြင့် ရိုက်လေတော့သည်။ ချမ်ယောင်ကျင်းသည်ကား အမျက်ဒေါသကြီးလှသည်ဟု ရုံးတော်တွင် နာမည်ကြီးလှပေသည်။

“ ကူညီပါဦး..အရှင့်သား။ ”

ချမ်ဟွိုက်လျန့်တစ်ယောက် လီယင့်ကို ဒိုင်းကာသဖွယ် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သနားစဖွယ် အကူအညီတောင်းရှာလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now