အခန်း၂၉။ သမိုင်းကြောင်းအရ

100 10 0
                                    

“ ဗဟုသုတ စွယ်စုံကျမ်း တဲ့လား … ။ အလွန်ထူးဆန်းတဲ့ နာမည်ပေပဲ။ အင်းပေါ့လေ … လောကမှာ ထူးဆန်းတဲ့နာမည်နဲ့ လူတွေ၊ ထူးဆန်းတဲ့စာအုပ်တွေဆိုတာ မရေမတွက်နိုင်အောင် ရှိလေတော့ သားတော်သိကျွမ်းခွင့်ရတာ သားတော်ရဲ့ကံပေါ့။ စိတ်မကောင်းစရာကတော့ ဒီလိုအဖိုးတန်တဲ့ ရတနာမှန်းမသိပဲ သားတော်က ခေါင်းမာမာနဲ့ လွှင့်ပစ်ခဲ့တာပါပဲ။ ” ဟု လီရှစ်မင်က နှမြောတသဖြစ်နေသည့် အသံနှင့် ပြောလေသည်။

လီယင်ကတော့ ခေါင်းကိုသာ ငုံ့ထားပြီး ငြိမ်နေလေသည်။ သူပြောသည့် “ ဗသုသုတ စွယ်စုံကျမ်း ” သည် တကယ်မှမရှိပဲ။ အမြန်လုပ်ကြံဖန်တီး၍ ပြောလိုက်ခြင်းသာ ဖြစ်လေသည်။ မဟုတ်လျှင် ဤမျှ ကြီးကျယ်သောကိစ္စကို သူ ဘယ်လိုရှင်းပြရမည်နည်း။

လီရှစ်မင်ကတော့ ဆက်လက်အပြစ်တင်ပြောဆိုခြင်း မရှိပဲ ဝိုင်တစ်ခွက်ကိုသာ ထပ်ငှဲ့ပြီး သောက်လိုက်တော့သည်။ ထိုအခါမှ လီယင်လည်း သက်ပြင်းချနိုင်သွားကာ နေရာတွင် ပြန်ထိုင်လိုက်လေသည်။

မိသားစု ညစာစားပွဲကြီးသည် တစ်နာရီခန့်အကြာတွင် ပြီးဆုံးသွားလေသည်။ အရှင်မင်းကြီး လီရှစ်မင်သည်လည်း ဤမျှကောင်းသော ဝိုင်ကို ပထမဆုံးသောက်ဖူးသည်ဖြစ်ရာ အရှိန်မထိန်းနိုင်ပဲ သောက်မိသဖြင့် အနည်းငယ်မူးနေတော့သည်။

ဧကရီဘုရင်မချန်စွန်းမှ အိပ်ဆောင်ဆီသို့ ပြန်တွဲခေါ်သွားရလေသည်။ ထို့ကြောင့် ဧကရီက လီယင်ကို စိတ်ပျက်သောအကြည့်နှင့် လှမ်းကြည့်လေရာ လီယင်သည်လည်း အားတုံ့အားနာနှင့် ပြန်ရယ်ပြလိုက်ရလေတော့သည်။ ဘယ်ခေတ်သို့ရောက်နေစေကာမူ လင်ယောက်ျား အရက်မူးသည်ကို မိန်းမတို့ မကြိုက်ကြပါလား။

မိသားစုညစာစားပွဲပြီးသွားသောအခါ စံအိမ်ရှိသော မင်းသားတို့မှာ ၎င်းတို့၏ စံအိမ်ဆီသို့ အသီးသီးပြန်ကြပြီး စံအိမ်မရှိသော မင်းသားမင်းသမီးတို့မှာ  ၎င်းတို့နှင့် သက်ဆိုင်ရာ မယ်တော်ကြင်ယာတော်များနှင့်အတူ နန်းဆောင်ထဲသို့ ပြန်ကြလေသည်။ လီခယ့်နှင့် လီယင်တို့သည်လည်း မယ်တော် ကြင်ယာတော်ယန်ကို နှုတ်ဆက်ကာ အတူပြန်ခဲ့ကြတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now