အခန်း၁၀။ ပျော်ရွှင်ခြင်းအစ

171 20 0
                                    

မိန်းကလေးငယ်သည် ကြေးလင်ပန်းတစ်ချပ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရပ်နေလေသည်။ ၎င်းလင်ပန်းပေါ်တွင် တင်ထားသော အဖြူရောင် ကြွေလက်ဖက်ရည်ခွက်ထံမှ လက်ဖက်ခြောက်နံ့သင်းသင်းရသည်။

ထန်မင်းဆက်ခေတ်တွင် လက်ဖက်ရည် ( အမျိုးမျိုးသော ပန်းခြောက်၊ လက်ဖက်ခြောက်များ ခတ်ထားသည့် ရေနွေးကြမ်း ) သောက်ခြင်းအလေ့အထ တွင်ကျယ်လျက်ရှိရာ ပညာရှိများတချို့ ဆုံကြသောအခါတွင်ပင် လက်ဖက်ရည်ဝိုင်းပြုလုပ်၍ ကဗျာ၊ စာများ ရွတ်ဖတ်ကြသည့် ပျော်ပွဲရွှင်ပွဲများပင် ပြုလုပ်ကြခဲ့လေသည်။

ထိုခေတ်က လက်ဖက်ရည်ကို အသုံးပြုပုံနောက်တစ်မျိုးမှာ ခံတွင်းသန့်ရှင်းစေရန် ထိုအရည်နှင့် အာလုတ်ကျင်းခြင်းပင် ဖြစ်သည်။ ယခု မိန်းကလေးငယ် ယူဆောင်လာသည့် လက်ဖက်ရည်မှာလည်း အာလုတ်ကျင်းရန်ပင် ဖြစ်ပေသည်။

ဤကဲ့သို့ ပြုလုပ်သော အလေ့အထကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်လေ့ရှိသော ရာဇဝင်ဇာတ်လမ်းတွဲများတွင် မြင်ဖူးထားသောကြောင့် လီယင် ချက်ချင်းသိလိုက်သည်။

ဝက်သားမစားဖူးလျှင်တောင် ဝက်ပြေးနေတာကို မြင်ဖူးရမည် ဟူသည့် ဆိုရိုးစကားအတိုင်းပင်။ လူတစ်ယောက်သည် ဗဟုသုတမရှိလျှင်တောင် အခြေခံအသိဉာဏ်တော့ ရှိရပေမည်။ လီယင်သည် ‌လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ တစ်ငုံ ငုံပြီး ထွေးထုတ်လိုက်သည်။ ပြီးနောက် မိန်းကလေးငယ်အား အမိန့်ပေးလိုက်သည်။

“ ရေတစ်ခွက် ယူခဲ့ "

အာလုတ်ကျင်းပြီးပေမယ့် သွားတိုက်ရဦးမည်။

ထိုမိန်းကလေးသည် လုပ်ရည်ကိုင်ရည်ရှိသည်။ မင်းသားက ဘာကြောင့် ရေတစ်ခွက်ယူခိုင်းမှန်း နားမလည်သော်လည်း ခပ်မြန်မြန်ပင် ရေတစ်ခွက် ခပ်လာပေးသည်။

မင်းသားလီယင်မှ ထူးဆန်းသော အချောင်းရှည်တစ်ခုကို ထုတ်လိုက်သည်ကို မြင်လိုက်သော မိန်းကလေးမှာ အံ့ဩသွားသည်။ မင်းသားသည် နောက်ထပ်ထူးဆန်းသော အရာတစ်ခုကို ထပ်ထုတ်လိုက်ပြီး ခုနက အချောင်းရှည်ပေါ်သို့ အရည်တစ်ခုခု ညှစ်ထည့်လိုက်ပြန်သည်။ ထို့နောက် ပါးစပ်ထဲသို့ထည့်ကာ အဆိုပါအရာနှင့် ရှေ့တိုးနောက်ဆုတ်ပွတ်တိုက်နေလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now